Thursday, March 4, 2010

လူသားအားလုံး (က မ္ဘာပေါ်ရှိ မည်သည့် ဘာသာ ဝင်မဆို) သိလိုလှသော အမေးပု စ္ဆာ (၇) ချက်ကို သဗ္ပ္ဗညုတ ဉာဏ်တော်ရှင် မြတ်စွာဘုရားရှင် မှ ဖြေကြားချက်။


မြတ်စွာဘုရား ပွင့်တော်မူစဉ်အခါက သုဘလုလင်ဟူသော အမျိုးသားတဦးသည် မြတ်စွာဘုရားထံ ချဉ်းကပ်၍ အောက်ပါအမေးပုစ္ဆာ
တို့ ကို မေးလျှောက်လေ၏။
သုဘလုလင်။ ။မြတ်စွာဘုရား၊ လောကတွင် လူလာဖြစ်ကြတာချင်းတူကြပါလျက်နှင့်
၁) အချို့ က အသက်တို၍ အချို့ ကအသက်ရှည်ကြ၏။
၂) အချို့ က အနာရောဂါ ထူပြောကြ၍ အချို့ ကကျန်းမာရေး ကောင်းကြ၏။
၃) အချို့ က အရုပ်ဆိုး၍ အချို့ ကအဆင်းလှကြ၏။
၎) အချို့ က သြဇာအာဏာမရှိကြပဲ အချို့ ကသြဇာအာဏာကြီးမားကြ၏။
၅) အချို့ က ဆင်းရဲကြ၍ အချို့ ကချမ်းသာကြ၏။
၆) အချို့ က အမျိုးဇာတ် ယုတ်နိမ့်၍ အချို့ က အမျိုးဇာတ် မြင့်မြတ်ကြ၏။
၇) အချို့ က ဉာဏ်ပညာ နည်းပါး၍ အချို့ က ဉာဏ်ပညာ ကြီးမား ကြ၏။
အဘယ့်ကြောင့် ထိုသို့ ကွဲပြားခြားနားကြပါသလဲ ဘုရား။

မြတ်စွာဘုရား။ ။ချစ်သား သုဘ၊ သတ္တဝါမှန်သမျှ တို့  တွင် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
၁) အချို့ သောသူတို့ သည် သတ္တဝါတို့ ၏အသက်ကို သတ်ဖြတ်လေ့ရှိ၏။
ထိုအကုသိုလ်ကံအကျိုးကြောင့် သေလွန်သော် ငရဲသို့ ကျရောက်ရ၏။ ကုသိုလ်ကံ ဖေးမသောကြောင့် ငရဲမှလွတ်၍ လူ့ ပြည်တွင် ပြန်လည်မွေးဖွားရသော အခါ၌ အသက်တိုရ၏။
အချို့ သောသူတို့ သည် သတ္တဝါတို့ ၏အသက်ကို သတ်ဖြတ်ချင်းမှ ရှောင်ကြဉ် လေ့ရှိ၏။ ထိုကုသိုလ်ကံအကျိုးကြောင့် လူ့ ပြည်တွင် ပြန်လည်မွေးဖွားရသော အခါ၌ အသက်ရှည်ရ၏။

၂) အချို့ သောသူတို့ သည် သတ္တဝါတို့  ကိုထိခိုက်ဒါဏ်ရာရအောင် ညှင်းပန်း နှိပ်စက်လေ့ရှိ၏။ ထိုအကုသိုလ်ကံအကျိုးကြောင့် သေလွန်သော် အပါယ်သို့ ကျရောက်ရ၏။ ကုသိုလ်ကံ ဖေးမသောကြောင့် အပါယ်မှလွတ်၍ လူ့ ပြည်တွင်ပြန်လည် မွေးဖွားရသော အခါ၌ အနာရောဂါ ထူပြောကြ၏။
အချို့ သောသူတို့ သည် သတ္တဝါတို့  ကိုထိခိုက်ဒါဏ်ရာရအောင် ညှင်းပန်း နှိပ်စက်လေ့မရှိ။ ထိုကုသိုလ်ကံအကျိုးကြောင့် လူ့ ပြည်တွင် ပြန်လည်မွေးဖွားရသော အခါ၌ အနာရောဂါကင်း၍ ကျန်းမာရေး ကောင်းကြလေသည်။

၃) အချို့ သောသူတို့ သည် ဒေါသကြီး၏။ အနည်းငယ်သောစကား မျှဖြင့်လည်း စိတ်ဆိုးလွယ်၍ အာဃာတ ထားတတ်၏။ ထိုသို့  ဒေါသကြီးတတ်သော အကုသိုလ်ကံ စေတနာ အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ အကျည်းတန် အရုပ်ဆိုး၏။
အချို့ သောသူတို့ သည် ဒေါသမကြီးတတ်။ မေတ္တာ ဖြင့် နေလေ့ရှိ၏။ သည်းခံမှုဖြင့် ပြည့်စုံ၏။ ထိုသို့  မေတ္တာထား တတ်သော ကုသိုလ်ကံ စေတနာ အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ ရုပ်အဆင်း လှပ၏။

၎) အချို့ သောသူတို့ သည် သူပါးတို့  ဥစ္စာဓန ရရှိမှု၊ ထင်ပေါ်ကျော်ကျားမှု၊ ဂုဏ်ပြုခံရမှု တို့ အပေါ်တွင် မနာလိုဝန်တိုမှု ရှိတတ်၏။ ထိုသို့  မနာလိုဝန်တို တတ်သော အကုသိုလ်ကံ စေတနာ အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ သြဇာအာဏာမရှိကြပေ။
အချို့ သောသူတို့ သည် သူပါးတို့  ဥစ္စာဓန ရရှိမှု၊ ထင်ပေါ်ကျော်ကျားမှု၊ ဂုဏ်ပြုခံရမှု တို့ အပေါ်တွင် မနာလိုဝန်တိုမှု မရှိ။ သူပါးတို့  ဥစ္စာဓန ရရှိမှု၊ ထင်ပေါ်ကျော်ကျားမှု၊ ဂုဏ်ပြုခံရမှု တို့ ကိုတွေ့ ကြုံရပါက ဝမ်းမြောက်ဝမ်းသာ ဖြစ်၍ မုဒိတာ ပွားများတတ်၏။
ထိုသို့  မနာလိုဝန်တိုစိတ်ကင်းပြီး မုဒိတာ ပွားများတတ်သော ကုသိုလ်ကံ စေတနာ အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ သြဇာအာဏာကြီးကြလေ၏။

၅) အချို့ သောသူတို့ သည် ဝန်တိုမှု မစ္ဆရိယစိတ် ကြီးမားသောကြောင့် မည်သည့်အရာကိုမျှ ပေးကမ်းလှူတမ်းမှုမပြုပေ။ ထိုသို့  ပေးကမ်းလှူတမ်းမှုမပြုသော အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ ဆင်းရဲနွမ်းပါး ကြရ၏။
အချို့ သောသူတို့ သည် ဝန်တိုမှု မစ္ဆရိယစိတ် မရှိကြ။ သဒ္ဒါတရား အားကောင်း၏။ ပေးကမ်းလှူတမ်းမှု အမြဲပြုလေ့ရှိ၏။ ထိုသို့  ပေးကမ်းလှူတမ်းမှု ပြုလေ့ရှိသော အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ ဥစ္စာဓန ကြွယ်ဝချမ်းသာ ကြရ၏။

၆) အချို့ သောသူတို့ သည် လွန်စွာမာနထောင်လွှားတတ်၏။ မိမိထက် အသက်အားဖြင့်၎င်း၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် အားဖြင့်၎င်း မြင့်မြတ်သောသူတို့ ကို ရိုသေမှုမရှိ။ ထိုသို့  မာနထောင်လွှားတတ်သော အကုသိုလ်ကံ စေတနာ အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ အမျိုးဇာတ်နိမ့်ပါးသောမိသားစု တွင်ဖြစ်ရလေ၏။
အချို့ သောသူတို့ သည် မာန် မာနမရှိ။ မိမိထက် အသက်အားဖြင့်၎င်း၊ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် အားဖြင့်၎င်း မြင့်မြတ်သောသူတို့  ကို ရိုသေ ကိုင်းညွှတ်စွာ ပြုမူ ပြောဆိုဆက်ဆံတတ်၏။ ထိုသို့  မာန် မာနမရှိ၊ ရိုသေ ကိုင်းညွှတ် တတ်သော အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ အမျိုးဇာတ်မြင့်မြတ်သောမိသားစု တွင်ဖြစ်ရလေ၏။

၇) အချို့ သောသူတို့ သည် လောကတွင် ပညာဉာဏ် နှင့်ပြည့်စုံသော ဆရာကောင်း ကိုရှာဖွေဆည်းကပ်မှုမပြု၊ မည်သည့်အရာကားကောင်းမှု၊ မည်သည့်အရာကားမကောင်းမှု၊ မည်သည့်အရာကို ပြုကျင့်ရမည်၊ မည်သည့်အရာကို မပြုကျင့်ရ၊ မည်သည့်အရာသည် အကျိုးရှိ၍ မည်သည့်အရာသည် အကျိုးမဲ့စေတတ်သည် စသည်တို့ ကို ဆရာကောင်းတို့ ထံတွင် မေးမြန်းလေ့လာမှုမပြု။ ထိုသို့  ဆရာကောင်းတို့  ထံတွင် မေးမြန်းလေ့လာမှုမရှိ တတ်သော အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ ပညာမဲ့ သူဖြစ်ရလေ၏။
အချို့ သောသူတို့ သည် လောကတွင် ပညာဉာဏ် နှင့်ပြည့်စုံသော ဆရာကောင်း ကိုရှာဖွေဆည်းကပ်၍ မည်သည့်အရာကားကောင်းမှု၊ မည်သည့်အရာကားမကောင်းမှု၊ မည်သည့်အရာကို ပြုကျင့်ရမည်၊ မည်သည့်အရာကို မပြုကျင့်ရ၊ မည်သည့်အရာသည် အကျိုးရှိ၍ မည်သည့်အရာသည် အကျိုးမဲ့စေတတ်သည် စသည်တို့ ကို မေးမြန်းလေ့လာမှုပြုလေ့ရှိ၏။ ထိုသို့  ဆရာကောင်းတို့  ထံတွင် မေးမြန်းလေ့လာ တတ်သော အကျိုးကြောင့် လူ့ ပြည် တွင်ပြန်လည် မွေးဖွားရသော အခါ၌ ပညာကြီးသူဖြစ်ရလေ၏။


ကျမ်းကိုး။ ။ဆရာကြီးဒေါက်တာမင်းတင်မွန် ၏ "သိပံ္ပနယ်လွန်ဗုဒ္ဒဘာသာ" စာအုပ်မှ ထုတ်နှုတ်ပူဇော် ဖြန်.ဝေပါသည်။